Monday, 17 October 2011

ဥစ္စာကြွေးနှင့် ကံကြွေး


Saturday, 19 February 2011

သူပေးတဲ့အပူ

သူပြောတဲ့စကား ငါ့ကိုစော်ကား
စဉ်းစားမိတိုင်း ဒေါသပွား။
တွေးမိတိုင်း သောကပွား။
ပြောတဲ့သူက မေ့မေ့ပျောက်ပျောက်၊
ငါ့ရင်ထဲမှာ မီးတောက်၊
ကြာလာတော့စိတ်ပြေ၊
မေ့လိုက်တော့ချမ်းသာ၊
တရားခံက ငါ့ဒေါသ၊
(ငါ့မာန ငါ့အတ္တ)၊
သူပေးတဲ့အပူ မယူလည်းရသားမို့၊
နောက်များဆို မယူဖို့
ငါ့စိတ်ကို ဆုံးမထား။

          အမည်မသိစာဆိုရှင်

Sunday, 13 February 2011

တေးထပ်ရေးနည်း

တေးထပ်စုံ ဆယ့်ရှစ်ပိုဒ်
လုံးရေကိုက်မှတ်ရန်
အစပိုဒ် ပထမံ
ဆဋ္ဌံ သာရေးထုံး။(ဆဋ္ဌံ=ခြောက်လုံး)
လိုရင်းချက် မစပ်သာလျှင်
ပိုသွင်းပါ “သတ်” အဋ္ဌ် “န၀” သုံး။(သတ်=ခုနစ်၊အဋ္ဌ်=ရှစ်၊ န၀=ကိုးလုံး)
ဒု စတုတ် အဋ္ဌ် ဒသ်မှာ ။(ဒု=နှစ်၊စတု=လေး၊အဋ္ဌ်=ရှစ်၊ဒသ်=တစ်ဆယ်)
စုဒ္ဓသ်ပါ တွက်ရုံး။ (စုဒ္ဓသ်=တစ်ဆယ့်လေး)
ယင်းပိုဒ်စုံ အကုန်သုံး၊
ပဉ္စ လုံးချည်းပါ။ (ပဉ္စ=ငါး)
အဋ္ဌ် စုဒ္ဒါ ရံခါများ
ခြောက်လုံးကား ရှိလေသည်သာ။
သောဠသ ပိုဒ်ရေးစရာ (သောဠသ=တစ်ဆယ့်ခြောက်)
လေးကသာ မှတ်ကြရော့
စပ်သမျှ တေးကဗျာ
ရေးဖွဲ့ထုံးလာ
တေးထပ်ရဲ့ အဆုံးဟာ (ကွယ်)
အဆုံးမှာ တပ်ပါကွယ့် လေး
 
              ရှေးစာဆို

Thursday, 27 January 2011

အမေ့မေတ္တာ သားသစ္စာ

တနယ်စီခြား ဝေးမြေသွားသည့်
သားထံသို့ဆီ စာဖွဲ့စီ၍ ပို့ခဲ့သည်။
ပူပြင်းတောက်လောင် နွေခေါင်ခေါင်ဝယ်
ဆာလောင်ရေချမ်း စိတ်မှာတမ်းလည်း
ကမ်းလှမ်းလင့်သူ ရှိလိမ့်တူဘူး
နေပူထဲတွင် လုပ်ငန်းဝင်၍
လူလျှင်ပင်ပန်း အားကုန်ခမ်းကာ
နွမ်းပါးဆင်းရဲ ဒုက္ခဘဲဟု
အမြဲတွေးကာ မေတ္တာလွန်ထား
ချစ်သားပမ်းရှာနေမှာဘဲတဲ့။
   မိုးတွင်းဝဿန် ချိန်ခါပြန်လျှင်
   လှိုင်းသံမိုးသံ အုံ့ခြိမ်းညံ၍
   ဝေယံထစ်ချုန်း မိုးလုံးပြိုမျှ
   ကျလာမိုးသက် တစ်စက်စက်တွင်
   ကြင်နာသနား အားပေးကြသူ
   မရှိမူပဲ လူသူနှင့်ဝေး
   ပင်လယ်လေးမှာ ဖျားနာအေးချမ်း
   ချစ်သားနွမ်းရှာနေမှာဘဲတဲ့။
      မိုးကုန်ဆောင်းကူး ဟေမာန်ဦးဝယ်
      ကူးရောက်မြောက်လေ မြူနှင်းဝေ၍
      ပေတေသားငယ် အနွေးထည်လည်း
      ကိုယ်ဝယ်မရှိ ချမ်းတုံချိစွာ
      မဲ့သည့်အင်အား မနားလုပ်ငန်း
      ငါးဖမ်းပုံကို မေငိုမိအောင်
      ပုံသွင်ဆောင်၍ နှင်းလောင်စိုလွှမ်း
      ချစ်သားချမ်းရှာနေမှာဘဲတဲ။
အို မေမေရယ် တနယ်သားဆီ
စာစီဖွဲ့ကာ  စိတ်ပူရှာလည်း
သားမှာအမြဲ အသဲခိုင်မာ
ဇွဲမှာမူရင်း အားတင်းစိတ်သုံး
တုံးဆိုရင်တိုက် ကျားဆိုကိုက်ဟု
စရိုက်ပြောင်းလဲ အလုပ်ထဲတွင်
လိုမြဲဝိုင်းကူ လဲရင်ထူပေး
 တူတူကောင်းစံ ဆိုးတူခံ၍
အပြန်အလှန် စေတနာမှန်ဖြင့်
စိတ်သန်လူဖြောင့် မကောင်းမညစ်
မြန်ပြည်ချစ်သည့် သွေးစစ်ညီဖော်
တပျော်တပါး စုလုပ်အားကြောင့်
နွေခြားမိုးဆောင်း ရာသီပြောင်း၍
အဟောင်းကုန်ဆုံး ပျောက်ပျက်ပြုန်းလည်း
ပြုံးပြုံးနှင့်ခံ သားအားမာန်တွင်
မေ့ထံကလာ ပို့ကာမေတ္တာ
စာပေလွာသည် ကာခြံတံတိုင်း
ဝိုင်းရံသည့်နှယ် အန္တရာယ်ရှင်း
ရန်စွယ်ကင်းဝေး မတွေးစိုးရိမ်
စိတ်တည်ငြိမ်၍ တစ်ချိန်တစ်နေ့
ရည်ရွယ်ပြည့်လျှင် မေ့ထံပါးဝယ်
သားငယ်ရည်မှန်း မနားတမ်းပင်
 ရွှေအိုးထမ်း၍ပြန်လာမည်။
                        
                        ကျော်ညွန့်

သခင်မ

အသားဖွေးကာပ 
သွားလေးက ညီညီဖြူ
မထူပါ နှတ်ခမ်းပါးစွာနဲ့
မဟူရာ မျက်ဝန်းစားတဲ့ပြင်
ချွန်းအလားနှာတံမူ
ရှာကြံသူ မရအောင်လှတာမို့
မေးရ ဒီလူ။
 စကားသံ နားထံစွဲတဲ့ပြင်
 အသွားဟန် ကျားမှန် ဆွဲဆောင်တဲ့
 နှောင်အဖွဲ့ရှိပါသူ
 ကြည့်လာမူတော့ ရင်မှာအေး။
စံထိုးစေစရာ...
တန်ဖိုးငွေ အရှာနဲ့
ဖွေဆကာ စားအစာ ချက်ရာလည်း 
မေက“စွာ” အားသာလျှက်ဟာမို့
များစွာမက် ကြောင်းလာသူကိုလေ
တောင်းခါမူ မင်းမမှားရအောင်
သခင်မရယ်....စဉ်းစားလို့ပေး။
                  မောင်ရန်ကြီးအောင်

Tuesday, 25 January 2011

အ တချောင်းငင် ပသတ် ထုပ်

တို့ငယ်ငယ်က ဖတ်ဖူးတဲ့ဆောင်းပါးတစ်ပုဒ်ထဲက ပုံလေးတစ်ပုံပါ။
ဆရာကြီး ဦးခင်မောင်ဆွေ (ကန့်ဘလူ) ရေးတာလို့ထင်ပါတယ်။
ဟို တုန်းက ရွာတစ်ရွာမှာ သူငယ်ချင်းနှစ်ယောက်ရှိတယ်။တစ်ယောက်က
စာတတ်တယ်၊တစ်ယောက်က စာမတတ်ဘူးတဲ့ကွယ်။
  တစ်နေ့ သူငယ်ချင်းနှစ်ယောက်တို့ တွေ့ဆုံကြရာ စာတတ်တဲ့သူက
စာမတတ်တဲ့သူကို ပြောတယ်။” သူငယ်ချင်း လူရယ်လို့ဖြစ်လာလို့ရင်
သေစာရှင်စာလောက်တော့သိထားဖို့လိုတယ်ကွာ။ မင်းကစာမတတ်ဘူး
မင်းစာတတ်အောင် ငါစာသင်ပေးမယ်ကွာ” လို့ပြောတယ်။
  စာမတတ်တဲ့သူငယ်ချင်းကလဲ ”ဟာ ဒီလိုဆိုရင်ကောင်းတာပေါ့၊
မနက်ဖြန်ကစပြီး တို့သင်ကြတာပေါ့ကွာ တို့ ဒီနေရာမှာပဲ အေးအေး
ဆေးဆေး သင်ကြတာပေါ့ “ ဟုဆိုကာ ချိန်းလိုက်တယ်။
 နောက်နေ့မှာ သူတို့စာသင်ကြဖို့ စတင်ကြတယ်လေ။စာတတ်တဲ့ 
သူငယ်ချင်းက ကိုင်း ”သူငယ်ချင်း စာလိုက်ဆိုမယ်  အ တချောင်းငင်
ပသတ် ထုပ် လို့ ရှေ့ကဆို တိုင်ပေးတယ်။စာမတတ်တဲ့သူက ပြုံးစိစိနဲ့
လိုက်မဆိုဘူးတဲ့လေ။ဒုတိယအကြိမ် အတချောင်းငင် ပသတ်ထုပ် လို့
ရှေ့ကဆို တိုင်ပေးပြန်တယ်။ ဒုတတိယအကြိမ်မှာလဲ စာမတတ်တဲ့သူက 
လိုက်မဆိုပြန်ဘူးတဲ့လေ။
  အဲဒီအချိန်မှာ စာတတ်တဲ့သူက စိတ်တိုလာပြီး သူငယ်ချင်း မင်းစာတတ်
အောင်မို့သင်ပေးနေတာ လိုက်ဆိုကွာလို့ ပြောပြီး တတိယအကြိမ် တိုင်ပေး
လိုက်တယ်။အ တချောင်းငင် ပသတ်ထုပ် ..လို့တဲ့လေ...
 ဟို စာမတတ်တဲ့ သူက “ သူငယ်ချင်း စာမတတ်လို့သာ လိုက်ဆိုရမှာ
ဟုတ်လိမ့်မယ် လို့ကို မထင်ဘူး“တဲ့လေ။ ဟဲဟဲ..ပုံလေးကတော့ ဒါပါပဲ။
တကယ်တော့ အတချောင်းငင် ပသတ်အုပ် လို့ အသံထွက်ရမှာလေ။
ဟုတ်တယ်မို့လား။အ တချောင်းငင် ပသတ်အုပ်။ အုပ်..အုပ်..အုပ် လေ။
ထုပ်  မဟုတ်ဘူး ။
                                           ရန်ကြီးအောင်ဓမ္မ

အဆိုတစ်ခု

ကိစ္စတစ်ရပ်ဟာ ပုံစံမမှန်ဘဲနဲ့ ပထမအကြိမ် ဖြစ်ပေါ်ကြုံကြိုက်လာရင်
မတော်တဆတဲ့။ ဒုတိယအကြိမ်ဆိုရင် တိုက်ဆိုင်တာတဲ့။တတိယအကြိမ်
ဆိုရင်တော့ ရန်သူ့လက်ချက်တဲ့။

Sunday, 16 January 2011

လူ့ဂွစား

ကျုပ်တို့က သူများပြောတိုင်း ယုံတဲ့လူ မဟုတ်ဘူး။
ကိုယ်တွေ့လက်တွေ့မှ ယုံတဲ့လူစားမျိုးပါ ဆိုတဲ့လူကို
အဆိပ်သောက်ရင် သေတယ်၊ကြိုးဆွဲချရင် သေတယ်၊
မယုံရင်လက်တွေ့လုပ်ကြည့်ပါလားလို့ ပြောရင်အဲဒီလူဟာ
အဆိပ်လဲမသောက် ကြိုးဆွဲလည်းမချပါဘူးဗျာ။
                               
                                         ရန်ကြီးအောင်ဓမ္မ

Saturday, 15 January 2011

ပုံပြင်လေး(၁)

တဂိုးရေးတဲ့ ပုံလေးတပုံပြောပြမယ်။
မိုးစက်ပွင့်လေးက စံပါယ်ပွင့်လေးကို တိုးတိုးလေးပြောလိုက်တယ်။
”မင်းနှလုံးသားထဲမှာ ငါ့ကို အမြဲသိမ်းထားပါနော်”တဲ့။
စံပယ်ပွင့်လေးက
 ”အို.ဖြစ်ရလေ” လို့သက်ပြင်းချပြီး မြေပေါ် ကြွေကျ သွာလေသတဲ့ကွယ်။
ပုံပြင်လေးကတော့ ဒါပါပဲ။

                 ရန်ကြီးအောင်ဓမ္မ

နှုတ်ဆက်တယ်ဆိုတာ

တိတ်တဆိတ်နှုတ်ဆက်တယ်ဆိုရာမှာ 
မျက်ရည်ဆိုတာ မရှိနိုင်ပါ။
တိတ်တခိုးချစ်ကြတယ်ဆိုရာမှာ
စကားလုံးဝ မဆိုနိုင်ပါ။
တို့များရဲ့ နှစ်ခုသော နှလုံးသားကလွဲလို့
ဘယ်သူမှလဲ မသိနိုင်ပါ။
   အထီးကျန်ငှက်ငယ်
   ညလှောင်အိမ်မှာ အကျဉ်းကျနေတယ်....
   ရစ်တွယ်နေတဲ့ နွယ်သစ်ပင်ကလေးများ၊
   နွေဦးရဲ့ ထက်စွာသော ဓါးကြောင့် 
   ကွဲကွာခဲ့ရပြီ။
နောက်ကျိတဲ့ ရွှံ့မြစ်ရေ၊
ကြည်လင်ချင် ကြည်လင်လာလိမ့်မယ်။
ကျီးငှက်ရဲ့ ဦးခေါင်းမည်းမည်း
ဖြူချင်လဲ ဖြူလာနိုင်တယ်။
   တိတ်တဆိတ် နှုတ်ဆက်တယ်ဆိုတာ....
   တိတ်တခိုး ချစ်ကြတယ်ဆိုတာ.....
   နှစ်ဦးသားအဖို့ ဘာမှ ဖြစ်လာစရာမရှိတယ်။
သို့ပေမယ့်လည်း
အနာဂတ်ကို မျှော်လင့်ရင်း၊
ကျေနပ်လိုက်ပါတော့မယ်။
                   တရုပ်ကဗျာ(ပိုးကျူးသိ)
                       (၇၇၂-၈၄၆)

Friday, 14 January 2011

နွေတစ်ရက်၏အတ္ထုပ္ပတ္တိ

မချစ်စဖူး၊အချစ်ဦးမို့
အရူးမူးစွဲ၊အမြဲတမ်းတ
လွမ်းသမျှတွေ၊ကဗျာတွေရေး
စိတ်ကူးလေးယဉ်၊ဖြစ်နေစဉ်ပေါ့
အချစ်ကံခေ၊ဂြိုလ်ဆိုးမွှေတော့
မျက်ရည်စက်လက်၊သဲအက်ကွဲရန်
တမင်ဖန်တီး၊ရှိုက်ကြီးတငင်
အထင်လွဲမှား၊မုန်းစကားဆို
ငို၍ထွက်သွား၊တားခွင့်မရ၊ ငါ့ဘ၀။
ဘာဆိုဘာမှ၊မသိရဘဲ
ရင်မှအချစ်၊အပြစ်ပယ်ခံ
ရောက်ရန်ကောလား၊သောကများဝေ
မျက်ရည်လဲဝေ့၊တွေ့မှဖြစ်မည်
သူတို့ဆီသွား၊စိတ်အားငယ်ငယ်
လာမယ်ညနေ၊ချိန်းလိုက်လေရဲ့။
သူလာမည့်လမ်း၊မန်ကျီးတန်းမှ
လှမ်းလှမ်း၍မျှော်၊အလွမ်းဖော်ပြု
မျက်ရည်စုကြွေ၊ညနေကုန်ဆုံး
နေလုံးကွယ်ပျောက်၊သူ မရောက်လာ
ရင်မှာပူဆွေး၊ငိုကြွေးလက်လျှော့
စိတ်ပျော့အားငယ်၊ကံရယ်ခေလွန်း
အမုန်းစွန်းထင်၊ချစ်ခင်သူပျောက်
တစ်ယောက်ထဲလေ၊နွေလဲနွေမို့
စိတ်ကိုဖြေရင်း၊အံတင်းဖြေမိ
သူမသိခဲ့။
ခေါင်းအုံးကိုဖက်၊ရှက်လဲရှက်တယ်
အားငယ်ဝမ်းနည်း၊အချစ်စစ်ပွဲတွင်
သင်၏အမုန်းမျှား၊အသဲကြားစူး
အရူးမူးခံ၊ဒဏ်ရာကုစား
အချိန်များကြာ၊ဘာမှမထူး
အချစ်ဦးရေ၊သိပါလေစ။ ။ ။
                            (ထက်ဇော်-တန့်ဆည်)

Thursday, 6 January 2011

ပညာဆိုသည်မှာ

  ပညာဆိုသည်မှာ လောက၌ အကျိုးအကြောင်း အဆိုးအကောင်း များကို သိပြီး
အထူးထူး အထွေထွေသော ကိစ္စရပ်များကို ပိုင်းခြား သိမြင်နိုင်သော အရာပင်
ဖြစ်သည်။
   လူ့ဘ၀တွင် အရေးပါအရာအရောက်ဆုံးမှာ ပညာပင်ဖြစ်ပါသည်။ပညာသည်
ဘ၀ကို အလင်းရောင် ပေးစွမ်း နိုင်သည်။ထို့ကြောင့် ပညာသည် လူ့ဘ၀တွင်
အဖိုးအနဂ္ဃ အထိုက်တန်ဆုံး ဖြစ်ပါသည်။
   ပညာသည် မရှိဆင်းရဲသားများ  အတွက် အရင်းအနှီး ဖြစ်၍ ဂုဏ်ရှင်
ဓနရှင်များအတွက် အတိုးအမြတ်ပင် ဖြစ်သည်။ မိမိ၌ရှိသော ပညာဂုဏ်ရည်ဖြင့်
လူအပေါင်းတို့ အကြားတွင် ထင်ပေါ်ကျော်စော၍ ပွဲလယ်တင့်နိုင်ပါလိမ့်မည်။
  ပညာရှိတို့သည် ပညာကို ထူးထူးချွန်ချွန် ရဲရဲရင့်ရင့် တတ်မြောက်ကြသူများ
ဖြစ်ကြပါသည်။ ပရိသတ်အလယ်တွင် ၀င့်ထယ်စွာဖြင့် ရဲရဲဝံ့ဝံ့ ပြောရဲ ဆိုရဲ လုပ်ရဲ
ကိုင်ရဲ ကြပါသည်။
  ပညာမရှိသူတို့သည် လူပရိသတ်မလယ်တွင် ပါးစပ်မပါသော သူကဲ့သို့
နေရပါသည်။ပြောသော စကားများမှာလည်း အစီအစဉ်မကျ မပြေမပြစ်နှင့်
သူတစ်ပါး ရယ်ဖွယ်သာ ဖြစ်ရပါသည်။
  ပညာရှာထားမှသာ နောင်တချိန်တွင် လောကကို အကျိုးပြုနိုင်ပေမည်။
ပညာရဲရင့် ပွဲလယ် တင့်သော ပညာရှိ စစ်စစ်လည်းဖြစ်ပေမည်။
   ဆရာ့ထံ၌ ပညာကို ရိုသေလေးစားစွာ လေ့လာဆည်းပူးရပေမည်။
ရသမျှပညာကို နည်းသည်များသည် မအောက်မေ့ဘဲ မှတ်သားနာယူရမည်။
ပညာသည် လိုတရသော ရွှေအိုးကဲ့သို့ အဖိုးတန်လှသည်။

Tuesday, 4 January 2011

လွမ်းမျက်ရည်

အဖော်လာ ပြန်ခန်းမှာတော့
ကျွန်တော်ဟာ လွမ်းကျန်ခဲ့တယ် ၊
ပြန်နဲ့ကွယ် မတားရက်ပါဘူး
စံမရ စတားနှစ်ဖော်ရယ် ။
အကြင်နာရှိလေတော့
တမင်လာမိတာ တို့အတွက်ရယ်လို့
ရင်မှာငြိတွယ် တကယ်သိ
အရယ်မရှိတဲ့ ငါ့မှာကွယ် 
အလှမယ် သူရဲ့ အပြုံးတစ်ချက် ၊
ငါကြည့်ကာ လွမ်းနေတုန်းမှာပဲ 
လာမိတာ လမ်းတွေဆုံးပြီမို့
နှလုံးဝယ် ခြစ်ရာထင် စွဲမက်သွားရှာပေါ့
စတားနှစ်ဖြာ ညင်ညင်သာသာနဲ့
ရင်နာနာ ငါ့ကိုလွမ်းစေမယ့်
စည်ပင်သာ လမ်းတစ်ဖက်ဆီသို့
မဒီကညာတွေ လှမ်းအတက်မှာတော့
ငါ့မှာလေ..... လွမ်းမျက်ရည်ထွက် ။

          တစ်ယောက်ကို တစ်သက်လွမ်းမယ့် တစ်ဖက်ကမ်းက မောင်ရန်ကြီးအောင်

နေပြည်တော်

တို့တိုင်းပြည် 
စည်ကားဖို့
တည်ထားတဲ့
နေပြည်တော်၊
ရေရှည်မျှော်
ခေတ်မီနည်းတွေကြောင့်
စည်တီးပြီး ပြည်ပေါ်ကျော်
မြို့ဖြစ်စေသော်။
ကျွန်တော်တို့
ဘုရားပေါ်
ပူဇော်လို့ဆုတောင်း၊
စုပေါင်းကာ
စွမ်းအရှိန်သုံးတာမို့
ရှုကောင်းရာ
လမ်းအိမ်ရုံးတွေလည်း
မှန်းချိန်ထက် စောစီးစွာ 
ပြီးပါစေကြောင်း ။
                  
                ချောင်းဝဆရာတော်

Saturday, 1 January 2011

မိုးပေါ်မှာ ကြယ်တစ်လုံး

                        မိုးပေါ်မှာ ကြယ်တစ်လုံး 
                        တိမ်ဖုံးပါလို့ လမသာ
                        သာတဲ့အခါ သာပါလိမ့်မယ်
                        နတ်ဒေ၀ါ သူဖန်ဆင်း 
                        ဖိုးရွှေလမင်း။ တဲ့....
ဒီကဗျာလေးကို စာရေးသူတို့  ငယ်ငယ်တုန်းက ဆရာမလေးတစ်ဦးက
အားပေးဆုံးမသည့်သဘောနဲ့ ပြောပြတဲ့ ကဗျာလေးဖြစ်ပါတယ်။
ဘယ်သူဘယ်ဝါ ရေးတယ်လို့ မပြောပေမယ့် ဆရာမလေး ပြောပြတဲ့
ကဗျာလေးရဲ့ ဆိုလိုရင်း အဓိပ္ပာယ်ကို ပြောပြပါ့မယ်။
    လူသားတွေဟာ တစ်ခါတစ်ခါကြတော့ အဲဒီကဗျာလေးထဲက
ကြယ်လေးတစ်လုံးလိုပါပဲ။ မိုးမှောင်ကြီးနဲ့တူ တဲ့ လောကမှာ
အားကိုးရာမရှိ တစ်ယောက်တည်း ဖြစ်ပြီး အမှောင်ထုနဲ့တူတဲ့
ဒုက္ခပင်လယ်ကြီးထဲမှာ ရောက်နေတတ်တယ်။အဲဒီအချိန်မှာ ကိုယ့်ဘဝ
 တစ်ခုလုံးဟာလဲ ဒုက္ခတိမ်တွေဖုံးပြီး လမသာ မှောင်မိုက်တဲ့ ကံဆိုးမိုး
မှောင် ဘ၀မျိုးမှာ ရောက်နေတတ်တယ်။
    အဲဒီအခါမျိုးနဲ့ ကိုယ့်ဘ၀ကြုံလာရရင် ဘယ်တော့မှ အာမငယ် စိတ်မ
ပျက်ရဘူ။ကဗျာထဲမှာပါသလိုပဲဘ၀ဆိုတာဟာ လမင်းကြီးလိုပါပဲ။
တိမ်ဖုံးတဲ့အခါ မသာနိုင်မပျော်နိုင်ပေမယ့် အချိန်တန်တဲ့အခါ သူ့အလိုလို  
သာယာလာမှာ ပျော်ရွင်လာမှာပဲတဲ့။ ဒါကြောင့်မို့  သာတဲ့အခါ သာပါလိမ့်
မယ်လို့ပြောတာ။
 ဘာပြုလို့လဲဆိုတော့ရှေးအယူအဆအရ ဖိုးလမင်းကြီးဟာ သူ့ဟာသူ
ဖြစ်လာတာမှ မဟုတ်တာ။တန်ခိုးကြီးမားတဲ့ နတ်ဒေ၀ါတွေက ဖန်ဆင်း
ထားတာကို။(တင်စားပြောတာနော်)။
       ဖိုးလမင်းကြီးကို နတ်ဒေ၀ါတွေက ဖန်ဆင်းထားသလို လူ့ဘ၀ဆိုတာ
ဟာလဲပဲ ကံတရားရဲ့ ဖန်ဆင်းခြင်းကြောင့် ဖြစ်လာရတာ။ အဲဒီတော့
ကံတရားရဲ့ သဘောသဘာဝအတိုင်း တိမ်ဖုံးလို့ လမသာတဲ့အခါ ရှိသလို သာတဲ့အခါလဲသာပါလိမ့်မယ်။ဘ၀ရဲ့ လသာအလှည့်ကို မျှော်လင့်ချက်နဲ့
စောင့်တတ်ဖို့ပဲ လိုတယ်။ အဲဒါဆို ဘယ်တော့မှ စိတ်အာငယ် သောက
ဖြစ်ရတဲ့ခါ ရှိတော့မှာ ဟုတ်ဘူးတဲ့လေ။
      စာရေးသူတို့ကတော့ ဘ၀ရဲ့ လသာအလှည့်ကို မျှော်လင့်ချက်နဲ့
စောင့်မျှော်နေတတ်ပါပြီ။။။။