ဆရာမိဘသတ်၍ မသေစေချင်
လောကကြီးမှာ ဆရာမိဘတို့က အကျိုးအကြောင်း အဆိုးအကောင်း
ဘာမျှ မပြောတော့ဘဲ ဥပေက္ခာပြု၍ နေလိုက်ချင်းဆိုတာ အကောင်းမဟုတ်ပါ။
ပညာရှိနည်းဖြင့် သတ်ပြစ်လိုက်တာဖြစ်ပါတယ်။
မြတ်စွာဘုရားရှင် လက်ထက်တော်အခါက ကေသိအမည်ရှိသော မြင်းဆရာ တစ်ယောက်ရှိခဲ့တယ်။သူဟာ မြင်းများကို ဆုံးမရာတွင် ကျွမ်းကျင်လိမ္မာ
သောကြောင့် နာမည်ကြီး ဆရာကြီးတစ်ဦးပါ။
တစ်နေ့သောအခါ မြတ်စွာဘုရားရှင်နှင့် ကေသိမြင်းဆရာတို့ တွေဆုံကြတယ်။
မြတ်စွာဘုရားရှင်က ကေသိမြင်းဆရာကို မေးတယ်။ကေသိမြင်းဆရာ သင်ဟာ
မြင်းများကို ဆုံးမရာတွင်နာမည်ကြီးလှတယ်၊မြင်းများကို ဘယ်လို ဆုံးမပါလဲ။
ထိုအခါ ကေသိမြင်းဆရာက အရှင်ဘုရား တပည့်တော် မြင်းများကို
အနုနည်း အကြမ်းနည်း မနုမကြမ်းနည်းတွေနှင့် သင့်သလို ကြည့်ပြီးဆုံးမ၊
ပါတယ်ဘုရားဟု လျှောက်ထားတယ်။ မြတ်စွာဘုရားရှင်က ဒီလိုဆို ဆိုဆုံးမလို့
မရတဲ့မြင်းများကိုရော ဘယ်လိုလုပ်သလဲ ဟု မေးမြန်း၏။ ကေသိမြင်းဆရာက
ဆိုဆုံးမလို့ မရတဲ့မြင်းများကို တပည့်တော် အသက်ကို သတ်၍ အသားကို စားပြစ်လိုက်ပါသည်ဘုရား။အဘယ့်ကြောင့်ဆိုသော် ဆရာ့နာမည် ပျက်မည် စိုးသောကြောင့်ဖြစ်ပါသည်ဘုရားဟုလျှောက်လေ၏။
ကေသိမြင်းဆရာကလဲ မြတ်စွာဘုရားရှင်ကို ပြန်မေးလျှောက်ပါတယ်။
အရှင်ဘုရား အရှင်ဘုရားသည်လဲ မိမိ၏ တပည့်ဒကာ ဒကာမ သာဝက
များကို ဆုံးမရာမှာ နာမည်ကြီးလှပါသည်ဘုရား။ အရှင်ဘုရား၏ တပည့်
ဒကာဒကာမ သာဝကများကို ဘယ်လိုဆုံးမပါသလဲဘုရား။
ထိုအခါ မြတ်စွာဘုရားရှင်က ငါဘုရားလဲ သင်လို အနုနည်း အကြမ်းနည်း
မနုမကြမ်းနည်းတွေနှင့် သင့်သလို ကြည့်ပြီးဆုံးမတာပါပဲ ဆိုဆုံးမလို့မရတဲ့
တပည့်ဒကာ ဒကာမ သာဝကများကိုလဲ သင်လို သတ်ပြစ်လိုက်တာပါပဲ ဟု
ပြောလေ၏။
တကယ်တော့ မြတ်စွာဘုရားရှင်တို့သည် မိမိ၏ တပည့်ဒကာ ဒကာမ သာဝကများကို
သတ်ပြစ်လိုက်တယ်ဆိုရာမှာ ကေသိမြင်းဆရာကဲ့သို့ အသက်ကို သတ်၍
အသားကိုစားပြစ်လိုက်တာတော့ မဟုတ်ပါ။ဥပေက္ခာပြု၍ နေလိုက်ခြင်းကိုသာ
ဆိုလိုတာဖြစ်ပါတယ်။
လောကမှာ မမြဲတဲ့သဘောတရားတွေ ထင်ရှာရှိနေ သိနေပါလျှက်
အတ္တ မာနတွေ ဖြစ်နေမယ်ဆို ဘ၀သံသရာအတွက် ရင်လေးစရာရင်မောစရာ
ဖြစ်ရတော့မှာပါ။ဒီဘ၀မှာလဲ အများမုန်း နောင်ဘ၀မှာလဲ အဖြစ်ရှုံး ရတော့မှာပါ။
မြတ်စွာဘုရားရှင် လက်ထက်တော်က ဆန္ဒမထေရ်ဆိုတာရှိခဲ့ပါတယ်။
မြတ်စွာဘုရားရှင်ကို အမှီပြု ပြီး မာန်မာနတွေတက်နေတာ။ ကိုယ့်ထက်ကြီးသူများက ပြောဆိုဆုံးမသောအခါ ဆင်ခြေဆင်လက်ပေး၍နားမထောင်။နှုတ်လှံထိုး၍ ပြန်ပြောသည်။အတူနေများကိုလဲ မထီလေးစား ပြုလုပ်သည်။ နောက်ဆုံး၌ အတ္တ
မာန ကြီးသာ ဆန္ဒကို ရဟန်းတော်များက မြတ်စွာဘုရားရှင်ထံ ပို့ဆောင်
ကြလေသည်။မြတ်စွာဘုရားရှင်ကပြောဆိုရှဆုံးမရခက်သော ဆန္ဒမထေရ်ကို
ဗြဟ္မာဒဏ်ပေးဖို့ အမိန့်သတ်မှတ်လိုက်သည်။
ဗြဟ္မာဒဏ်ပေးတယ် ဆိုသည်မှာလဲ တကယ်တော့ ဥပေက္ခာပြု၍
နေလိုက်ခြင်းသာ ဖြစ်ပါတယ်။ဆန္ဒမထေရ်ကို အကောင်းအဆိုး ဘာမှ
မပြောတော့ပဲဥပေက္ခာ၍ နေလိုက်ပါတော့တယ်။ထိုကဲ့သို့ဆရာမိဘတို့က
ဥပေက္ခာပြု၍ နေလိုက်ခြင်းဆိုသည်မှာအကောင်းမဟုတ်ပါ။ပညာရှိနည်းဖြင့်
သတ်ပြစ်လိုက်တာဖြစ်ပါ တော့တယ်။
ဆရာမိဘ တို့က အသတ်ခံရသော တပည့်သားသမီးသည် လောက၌
မကြီးပွား မချမ်းသာတော့ပေ။အညွန့်အညှောက်ကို ဖျက်ဆီးအချိုးခံရသော
သစ်ပင်ကဲ့သို့ ဖြစ်နေတော့၏။ ထိုသို့မဖြစ်စေရန် ဆရာမိဘများ ဆိုဆုံးမလျှင်
လိုက်နာ ကြပါ။ဆရာမိဘများကို ပြန်မပြောကြပါနှင့်၊ သားလိမ္မာသမီးလိမ္မာများ
ဖြစ်အောင် ကြိုးစားကြပါလို့ မှာရင်း ဆရာမိဘ သတ်၍မသေစေချင်ပါ။။
ရန်ကြီးအောင်ဓမ္မ